အမ်း သလူမော်ရွာမှာ ကလေး ၇၀ ဖျားနာ၊ ၁၅ နှစ် ယောက်ျားလေးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက သလူမော်ကျေးရွာမှာ ဇန်နဝါရီ ၂၀ ရက်ကနေ၂၈ ရက်အထိ ကလေးအယောက် ၇၀ ကျော် ဖျားနာနေပြီး အဲဒီထဲက အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးသွားပါတယ်။
ကလေးတွေခံစားရတဲ့ရောဂါလက္ခဏာတွေနဲ့ပတ်သက်လို့ ဦးခင်မောင်ဝင်းက “အနီကွက်တွေ ပေါ်လာတယ် ခန္ဓာကိုယ်မှာ။ အနီကွက်တွေပေါ်လာပြီး နှာခေါင်းသွေးတွေ ယိုတာတို့၊ အသက်ရှုလမ်းကြောင်းတွေ ကြပ်တာတို့ အဲလိုဖြစ်ကြတယ်။ ဝက်သက်ထွက်တာနဲ့ မတူဘူး။ ရေချိုးလိုက်ရင် သူတို့က ပိုပြီး နေမကောင်းတာတွေ့ရတယ်။ အသက်ရှုမရတာတို့ ဖြစ်တယ်။အရင်တစ်ခါ ဝက်သက်ထွက်တုန်းက အသက်ရှုကြပ်တာတို့၊ နှာခေါင်းသွေးလျှံတာတို့ မရှိဘူး”
ကျေးရွာကို လာစစ်ဆေးတဲ့ အမ်းမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဒါဟာ ဘာရောဂါလဲ ဆိုတာ ဓာတ်ခွဲစမ်းသပ်ပြီးမှ သိနိုင်မှာဖြစ်ပြီး အစိုးရိမ်မလွန်ဖို့လည်း ပြောကြားခဲ့တယ်လို့ ဦးခင်မောင်ဝင်းက ဆက်ပြောပါတယ်။
ရောဂါအမည်မတပ်နိုင်သေးခင်မှာ ဒေသခံတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို တာဝန်ရှိသူတွေ မှာကြားချက်နဲ့ပတ်သက်လိ့ု ဦးခင်မောင်ဝင်းက
“သူတို့က မှာသွားတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ဒီဟာက ကူးစက်လို့ကတော့ ဖြစ်နိုင်တယ်။ လက်ကို မကြာခဏဆေးဖို့ရယ်၊ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်ဖို့ဆေးတွေ ကျန်းမာရေးဌာနက အဆက်မပြတ် ကူညီသွားမယ်လို့တော့ ပြောသွားပါတယ်”
သလူမော်ရွာက ဖျားတဲ့ကလေး ၇ ယောက် ကျောက်ဖြူခရိုင်ဆေးရုံကို ရောက်ရှိလာပြီး အဲဒီထဲက ၁၅နှစ်အရွယ်တစ်ဦးကတော့ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းမှာပဲ ဆုံးသွားတယ်လို့ အဲဒီ ဆေးရုံတာဝန်ခံ ဒေါက်တာနေလင်းက ဘီဘီစီကို ပြောပါတယ်။
“ဝက်သက် သံသယလို့ ယူဆပြီး စစ်ဆေးဖို့လိုအပ်တာတွေကို ရန်ကုန်ပို့ကိုပြီး စစ်ဆေးထားကြောင်းနဲ့ တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ ကိုရိုနာ အဆုတ်ရောင်ရောဂါနဲ့ မသက်ဆိုင်ကြောင်း ပြောပါတယ်”
သလူမော်မှာ အခုလို လူ ၇၀ ကျော်လောက်ဖျားတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ရွာဟာ အမ်းမြို့နဲ့ ၁၃ မိုင် ကွာဝေးပြီး ပင်လယ်နားမှာဖြစ်လို့ သွားလာဆက်သွယ်ရေး ခက်ခဲသလို ကျေးရွာကျန်းမာရေးဌာနမှာလည်း ဝန်ထမ်းမရှိတာ သုံးလလောက် ရှိနေပြီဖြစ်တဲ့အတွက် အခုလို ရောဂါဖြစ် လာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ Source BBC
Design a site like this with WordPress.com
Get started