
အီတလီနိုင်ငံကို လာရောက်လည်ပတ်သူ တရုတ်နိုင်ငံသား နှစ်ယောက်မှာ ဗိုင်းရပ်စ်တွေ့ရှိရပြီး နောက်ထပ် အန္တရာယ်တွေမရှိအောင် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဝန်ကြီးချုပ် ကွန်တေက ပြောပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၂၂ နိုင်မှာ ကူးစက်ပျံ့နှံ့နေပါတယ်။
ဝူဟန်မြို့ကနေ ပြန်ခေါ်လာတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာလည်း ဇန်နဝါရီ ၃၁ ရက်မှာ မိခင်နိုင်ငံရှိ သီးခြားစောင့်ကြည့်စခန်းတွေကို ရောက်လာခဲ့ပြီး သူတို့ကို အဲဒီမှာ သီတင်းနှစ်ပတ်ခန့် ထားရှိသွားမှာပါ။
ကိုယ်ပိုင်စင်းလုံးငှားလေယာဉ်နဲ့ ပြန်ခေါ်လာတဲ့ တောင်ကိုရီးယားနိုင်ငံသား ၃၆၈ ယောက်ကို အာဆန်နဲ့ ဂျင်ချွန်မြို့တွေက သီးခြားစောင့်ကြည့်စခန်းနှစ်ခုမှာ ခွဲထားမှာဖြစ်ပါတယ်။ အဲဒီမြို့တွေဟာ မြို့တော် ဆိုးလ်တောင်ဘက် မိုင် ၅၀- အကွာမှာ ရှိပါတယ်။
အလားတူ မြောက်ကိုရီးယားမှာလည်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးကို အရှိန်မြှင့်လုပ်နေတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၃၀ မှာ ထုတ်ပြန်ပါတယ်။
အများပြည်သူ အဆောက်အဦတွေမှာ ပိုးသတ်ဆေးဖျန်းတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူထုအသိပညာပေး လုပ်နေတာတွေကို KRT သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခြင်း ရှိ မရှိ မသေချာပေမယ့် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရကလည်း နိုင်ငံရပ်ခြားမှာ ပိတ်မိနေတဲ့ ဟူဘေးပြည်နယ်က တရုတ်နိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်တွေ စေလွှတ်ခေါ်ယူသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ဇန်နဝါရီ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။ Source DVD News