ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရန် ဖွဲ့စည်းပုံပြင်ဆင်ချက်ရှုံးနိမ့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်တဲ့ ပုဒ်မ ၁၄ ခုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေ အားလုံးနီးပါး ပြင်ဆင်ခွင့်မရဘဲ ရှုံးနိမ့်သွားပါတယ်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့မနက် ကိုယ်စားလှယ်တွေ လျှို့ဝက် မဲပေးစနစ်နဲ့ စတင်မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဒီမှာ  ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်းက ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ကို မဲခွဲဆုံးဖြတ်တာမှာ  တပ်မတော်နဲ့အဓိက သက်ဆိုင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ၊ နိုင်ငံတော်ကို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်ချက်တွေဟာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်ပြီး တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ ၃၂(က)နဲ့ (ခ)မူလပြဋ္ဌာန်းချက်ပါ မသန်မစွမ်းဆိုတဲ့ စကားရပ်တွေအစား မသန်စွမ်းလို့ ပြင်ဆင်ထားတဲ့ အချက်နှစ်ချက်ပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

 အခုလို ပြင်ဆင်နိုင်တဲ့ နှစ်ချက်ကလည်း ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရဦးမှာဖြစ်တဲ့အတွက် ပြင်ဆင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ 

ဒီနေ့လွှတ်တော်ကို လေ့လာရေးလာရောက်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ကြိုးစားအားထုတ်မှုဟာ အားရစရာ ကောင်းပေမယ့် ရလဒ်အရ ပြင်ဆင်ရေးလုပ်ငန်းတွေကတော့ ဆက်လက်ဆောင်ရွက်သွား ရဦးမယ်လို့ ပြောပါတယ်။

အခုလို ဖွဲ့စည်းပုံရဲ့ အခြေခံမူအခန်းတောင် ပြင်ဆင်ဖို့ ခက်ခဲနေရင် နောက်ပိုင်းပုဒ်မတွေ ပြင်ဆင်တာမှာလည်း ၇၅ ရာခိုင်နှုန်းကျော်ရဖို့ခက်ခဲဦးမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဒီပုဒ်မတွေ ပြင်နိုင်ဖို့ ပြည်ထောင်စုလွှတ်ကိုယ်စားလှယ်အားလုံးရဲ့  ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး ၄၉၁ မဲရဖို့ လိုအပ်ပါတယ်။ 

မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်စုစုပေါင်းကတော့ ၆၅၄ ဦးရှိပြီး အစည်းအဝေးမတက်ဘဲ ပျက်ကွက်သူ ရွေးကောက်ခံအမတ် ၂၁ဦး ထိရှိခဲ့ပါတယ်။ 

မတ်လ ၁၁ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ  ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ် ၂  ကို ဆက်လက်မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

Source:DVD

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started