
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေက ဝက်တွေ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက ပါးစပ်ကနေ အမြှုပ်တွေထွက်ကာ နှာခေါင်းတွေကလည်း သွေးထွက်ပြီး ရုတ်တရက် သေဆုံးမှု တယ်လို့ သိရပါတယ်။

အဲလို သေဆုံးတာတွေကို ဒေါ့ဖုန်းယန်မြို့၊ ရပ်ကွက်(၁)မှာ အကောင်(၅၀)၊ ရပ်ကွက်(၂)မှာ(၇)ကောင်၊ နားလုံကျေးရွာမှာ (၁၀၂)ကောင်၊ တာဆိုင်ကျေးရွာမှာ(၁၇)ကောင်၊ မံမော်ကျေးရွာမှာ (၆)ကောင် စုစုပေါင်း ဝက်(၁၈၂)ကောင် ရုတ်တရက် သေဆုံးခဲ့ပါတယ်။ အဲဒီလိုဝက်တွေ ရုတ်တရက် သေဆုံးတာကြောင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မိုးမောက်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမြင့်ဦး၊ ဒေါ့ဖုန်းယန်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဇင်ကိုလတ်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး သေဆုံးသွားတဲ့ ဝက်တွေရဲ့ သွေးနမူနာတွေကို ရယူပြီး ဝက်အသေကောင်တွေကိုတော့ ကျင်းတူးပြီး မြေမြှုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဝက်တွေထပ်မံသေဆုံးမှုရှိမရှိ စောင့်ကြည့်နေပြီး စုံစမ်းမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း- ဝင်းနိုင်(ကချင်မြေ)