ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေသောအရာများ

Headache
ခေါင်းတစ်ခြမ်းတည်းကိုက်ရတာဟာ ဦးနှောက်ရှိသွေးကြောများကြုံသွားခြင်း (Intracranial Vasoconstriction)၊ ဦးနှောက်ပြင်ပရှိ သွေးကြောများကျယ်သွားခြင်း (Extracranial Vasodilation) ကြောင့်လို့ အရင်ကတော့ ဆိုခဲ့ကြပြီး အခုအခါမှာတော့ သွေးကြောတွေရဲ့ အကျဉ်းအကျယ်ကို သက်ရောက်ကြတဲ့ Vasoactive Substances တွေကြောင့် ခေါင်းကိုက်ရတာလို့ သတ်မှတ်လာကြပါတယ်။ Seretonin, Catecholamine, Hisatmine, Prostaglandins, Neuropeptides, Histamin တို့တွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရစေတဲ့ အဓိက တရားခံတွေပါပဲ။ သူတို့တွေ ခန္ဓာကိုယ်ထဲမှာ များပြားလာရတဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။
ခေါင်းကိုက်စေသောအကြောင်းတရားများ
ခေါင်းတစ်ခြမ်းထဲကနေ ထိုးထိုးပြီးကိုက်တဲ့ Migraine ကို ခံစားရတဲ့အချိန်မှာ ပုံမှန်လုပ်နေကြ အလုပ်တွေကို တောင် မလုပ်နိုင်လောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တချို့လူတွေမှာတော့ ခဏတဖြုတ်သာခံစားရပေမယ့် တချို့က တော့ ၃ ရက်လောက် ကြာတတ်ပါတယ်။ ခေါင်းမကိုက်ခင် မှာ သမ်းဝေခြင်း၊ အစားအသောက်တို့ကို ရှောင်လာခြင်း၊ စိတ်တို၊ စိတ်ဆတ်လာခြင်း၊ အိပ်ငိုက်ခြင်းတို့ကို ကြိုတင်ပြီးခံစားရတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေဟာ တစ်လကို တစ်ကြိမ်လောက်တော့ ခံစားရတတ်ပြီး ပျို့အန်ခြင်း၊ နုံးခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ပါ တွဲပြီးပါတတ်ပါတယ်။
(၁) Tyramine ပါဝင်သော အစားအစာများ
ခေါင်းတစ်ခြမ်းကိုက်စေတဲ့အကြောင်းအရာတွေထဲမှာ Tyramine က ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ပရိုတင်းပါဝင်တဲ့အစားအသောက်တွေဟာ အချိန်ကြာလာရင် ပြိုကွဲသွားပြီး Tyramine တွေ ဖြစ်လာပါတယ်။ တချို့ အစားအသောက်တွေထဲမှာ သဘာဝအတိုင်းတွေ့ရတတ်သလို ပူနွေးတဲ့နေရာမှာအချိန်လွန်အောင်ထားထားတဲ့ အစားအစာ တွေမှာလည်း တွေ့ရတတ်ပါတယ်။ အစားအစာတွေကို သိုလှောင်ထားတဲ့ အချိန်ကြာလာတာနဲ့အမျှ Tyramine ပါဝင်မှုက များလာပါတယ်။
အချဉ်ဖောက်ထားတဲ့အစားအစာ၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပိစပ်၊ အရက်ပါတဲ့ ဖျော်ရည်တွေမှာဆိုရင် Tyramine ပါဝင်မှုက ပိုပြီးသိသာပါတယ်။ အစားအစာတစ်မျိုးနဲ့တစ်မျိုးမှာလည်း Tyramine ပါဝင်မှုချင်း မတူညီပါဘူး။ ထုတ်လုပ်မှု၊ အချဉ်ဖောက်နှုန်း၊ ထားရှိတဲ့သက်တမ်း၊ ပျက်စီးမှု၊ ဘက်တီးရီးယားများ ပေါက်ဖွားမှုကို မူတည်ပြီး ကွာခြားသွားပါတယ်။ ခေါင်းကိုက်တာကို ပျောက်စေဖို့ ရည်ရွယ်ပြီး MAOIs ဆေးသောက် နေကြရတဲ့ သူတွေကတော့ Tyramine ပါတဲ့ အစားအသောက်တွေအားလုံးကို ရှောင်ဖို့လိုပါတယ်။
(၂) တခြား အစားအစာများ
တချို့လူတွေမှာအေးထားတဲ့အစားအသောက်တွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ပြီးချိန်၊ ကိုယ်ပူမြင့်တက်ပြီးချိန်မျိုးမှာ အေးနေတဲ့ အစားအသောက်တွေကို စားရင် ခေါင်းကိုက်နိုင် ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သူတွေထဲက ၉ဝ ရာခိုင်နှုန်း လောက်ဟာ ရေခဲမုန့်အပါအဝင် အေးတဲ့အစားအစာတွေကြောင့် ပိုဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် မြေပဲ၊ မြေပဲထောပတ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ ကြက်အသည်းအမြစ်အပါအဝင် အူကလီစာများ၊ ငါးကျပ်တိုက်၊ ငါးခြောက်၊ ဒိုးနတ်၊ ကိတ်မုန့်တို့ကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။
ချောကလက်မှာပါဝင်တဲ့ Phenylethylamine, Theobromine & Caffeine လို ပစ္စည်း ၃ မျိုးဟာ သွေးကြော အကျယ်၊ အကျုံ့ကို ကောင်းစွာသက်ရောက်နိုင်တာကြောင့် ခေါင်းကိုက်စေပါတယ်။ အခွံမာသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေ၊ အမှည့်လွန်နေတဲ့ အသီးအနှံများ၊ ခရက်ကာနှင့် အချိုပွဲများ၊ အဆီများတဲ့ အစားအစာတွေ၊ အချဉ်၊ သနပ်တွေကလည်း ခေါင်းတစ်ခြမ်းထဲကနေ ထိုးထိုးပြီးကိုက်အောင် လှုံဆော်ပေးနိုင်ပါတယ်။
(၃) Food Additives
အစားအသောက်တွေကို ကြာရှည်ခံအောင်၊ အရောင်လှအောင်ထည့်ကြတဲ့ဒီလို ပစ္စည်းတွေဟာ ခေါင်းတစ်ခြမ်း ကိုက်တာကို ပိုဆိုးစေပါတယ်။ Aspartame အပါအဝင် တခြား အချိုခဲတွေ၊ အချိုမှုန်တွေဟာလည်း Food Additives တွေပါပဲ။ ဟော့ဒေါ့၊ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်သားဆားနယ်ခြောက်၊ စည်သွပ်အစားအစာ၊ ပြုပြင်ပြောင်းလဲ ထားတဲ့ အသားတွေမှာ Food Additives တွေ ပါဝင်မှုများပါတယ်။ ဟော့ဒေါ့မှာ ပါလေ့ရှိတဲ့ Additives ပစ္စည်းတစ်မျိုးဖြစ်တဲ့ Nitrate ကြောင့် သွေးကြောတွေ ကျယ်လာပြီး လူတစ်ချို့မှာတော့ ခေါင်းကိုက်စေပါတယ်။
သူတို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ရင်ဘက်ထဲတွင် ကင်းကျပ်နေခြင်း၊ မျက်နှာတင်းလာခြင်း၊ ရင်ဘက်၊ လည်ပင်းနှင့် ပုခုံးတွင် ပူနေခြင်း၊ မျက်နှာတွင် နီးမြန်းနေခြင်း၊ ခေါင်းတရိပ်ရိပ်မူးခြင်း၊ ဦးခေါင်းရဲ့ အရှေ့၊ ဘေးဘက်မှ ကိုက်ခဲခြင်းတို့ကိုပါ တွဲပြီးခံစားရတတ်ပါတယ်။ တချို့သူတွေမှာတော့ စားစားချင်းမှာပျို့ခြင်း၊ အန်ခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။
(၄) သောက်ဖွယ်အမျိုးမျိုး
ချောကလက်ဖျော်ရည်၊ ကဖင်းပါဝင်တဲ့ ကော်ဖီ၊ ကိုလာ၊ လဘက်ရည်၊ ဆိုဒါ၊ အရက်ပါဝင်တဲ့ ဖျော်ရည် အမျိုးမျိုးဟာ သွေးကြောတွေနဲ့သက်ဆိုင်တဲ့ Vasoactive Substances တွေကို လွှမ်းမိုးနိုင်ပါတယ်။ အရက်သောက်ထားတဲ့ အချိန်မှာ ဦးနှောက်ကို သွေးစီးဆင်းတာက ပိုများသွားသလို ခန္ဓာကိုယ်ကချေဖျက်လိုက်ရင် ထွက်လာတဲ့ပစ္စည်းတွေကြောင့် လည်း ခေါင်းကိုက်နိုင်တယ်လို့ တချို့သိပ္ပံပညာရှင်တွေက ဆိုထားပါသေးတယ်။ သူတို့ကို အလွန်အကျွံ သောက်တဲ့အခါ မျိုးတွေ၊ သောက်တာကို ချက်ခြင်းရပ်လိုက်တဲ့အချိန်မျိုးတွေမှာဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာက ပိုဆိုးလာတတ်ပါတယ်။
ဝိုင်နီ၊ ဘီယာ၊ ရှန်ပိန်၊ ဝီစကီတို့ကတော့ အဓိကပါပဲ။ အထူးသဖြင့် ဝိုင်နီဟာ ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုး စေပါတယ်။ ဒီလိုဖြစ်ရတာက သူ့အထဲမှာ ပါဝင်တဲ့ Tyramine histamine ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်တဲ့သူ တော်တော်များများဟာ အရက်သောက်တာကို ရှောင်သင့်ပါတယ်။ တကယ်လို့ မဖြစ်မနေကိစ္စတွေကြောင့် သောက်ဖို့လိုမယ် ဆိုရင် ဝိုင်နီအစား တခြားအမျိုးအစားတို့ကို ရွေးချယ်သောက်ဖို့လိုပါတယ်။
(၅) ဘဝနေထိုင်မှုပုံစံ
ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ တရားခံတွေထဲမှာ စိတ်ဖိစီးမှုများတဲ့ အချက်လည်း ပါပါတယ်။ စိတ်ဖိစီးမှုနဲ့ ကြုံတွေ့နေရချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးမှုကြုံပြီးချိန်မျိုးမှာ ခေါင်းကိုက်တတ်ပါတယ်။ အိပ်စက်ချိန်နည်းလွန်းတာ၊ များလွန်းတာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေတာကြောင့် ပုံမှန်အိပ်စက်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေကတော့ သူတို့ ခန္ဓာကိုယ်မှာ သွေးသကြားဓါတ် ကျဆင်းသွားတာကြောင့်ပါ။ အစာစား ချိန်နောက်ကျခြင်း၊ လုံးဝမစားခြင်း၊ အစာလျော့စားနေခြင်းတို့ကြောင့်လည်း သွေးထဲမှာသကြားဓါတ် ကျဆင်းစေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နေ့ခင်းဘက်မှာ အစာမရှိဘဲ ၅ နာရီလောက်နေမိရင်ပဲဖြစ်ဖြစ်၊ ညဘက်ဆိုရင်လည်း ၁၃ နာရီလောက်နေမိရင် ခေါင်းတစ်ခြမ်းကိုက်တာ ပြန်ဖြစ်တတ်ပါတယ်။ တခါတလေတော့ ကိုယ်လက်လှုပ်ရှားမှုလုံးဝ မရှိတာ ဥပမာ – ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး ကြည့်နေတာမျိုးကလည်း ဒီပြဿနာတွေကို ပြန်ပေါ်စေပါတယ်။ အေရိုးဗစ်ကစားနည်းဟာ အရမ်းမပြင်းထန်သလို စိတ်ဖိစီးမှုကို အတော်အသင့် လျော့ကျနိုင်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေမှာအနေနဲ့ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကစားသင့်ပါတယ်။
(၆) ဟော်မုန်းအပြောင်းအလဲ
ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့အထဲမှာ အမျိုးသမီး ၁၅ ရာခိုင်နှုန်းလောက်လည်းပါဝင်ပါတယ်။ အဲဒီအထဲက ၅ဝ ရာခိုင်နှုန်းကတော့ သူတို့ဆီမှာ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အချိန်မျိုးမှာ ကြုံတတ်ကြပါတယ်။ ရာသီ မလာခင် ၂ ရက်အလို၊ ရာသီလာပြီး ၃ ရက်လောက် ကြာပြီးတဲ့နောက်မှာ ခေါင်းတစ်ခြမ်းထဲကနေ ထိုးပြီးကိုက်တတ် ပါတယ်။ အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Progesterone လျော့နည်းနေရင် သွေးဆင်းတာနည်းလာနိုင်ပေမယ့် ခေါင်းတော့ မကိုက်ပါဘူး။ ဒါပေမယ့် Oestrogen ဟော်မုန်းလျော့နည်းရင်တော့ ဦးနှောက်က Chemicals တွေ အလုပ်လုပ် တဲ့နေရာမှာ ပြောင်းလဲမှုရှိလာပါတယ်။
အဲဒီလို Chemicals တွေရဲ့ လုပ်ဆောင်မှု ပြောင်းလဲလာတာနဲ့တစ်ပြိုင်နက် ခေါင်းတစ်ခြမ်းကိုက်အောင် လှုံဆော် ပေးပါတယ်။ နောက်တစ်ခါ သားဥကြွေချိန် (ရာသီ စက်ဝိုင်းရဲ့ အလယ်တည့်တည့်) မှာလည်း ခေါင်းကိုက်တတ်ပါတယ်။ အပျိုဖော်ဝင်ချိန်၊ မီးဖွားချိန်၊ သွေးဆုံးပြီးချိန်တို့မှာလည်း ခေါင်းကိုက်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေးပေါ်တာနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက်တာဟာ အချိန်ကြာတတ်သလို ပိုပြီး ပြင်းထန်တတ်ပါတယ်။
(၇) ပတ်ဝန်းကျင်အနေအထား
ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ရေမွှေး၊ သင်္ဘောဆေး၊ အိတ်ဇောကထွက်လာတဲ့အငွေ့လို စူးရှတဲ့ အနံ့အသက်တွေကို ရှုရှိုက်မိတဲ့သူတွေဟာလည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ အလင်းရောင်နဲ့ထိတွေ့မှုကြောင့် ခေါင်းတစ်ခြမ်းကိုက် တတ်သူတွေ အနေနဲ့ စူးရှတဲ့နေအလင်းရောင်၊ တောက်ပတဲ့ နေရောင်ကို ကာကွယ်ဖို့ မျက်မှန်တစ်လက်ဆောင်ထား သင့်ပါတယ်။ ဖုန်မှုန့်ထူထပ်တဲ့နေရာ၊ ရာသီဥတုအပြောင်းအလဲ၊ လေပူတိုက်ခြင်း၊ မြင့်မားတဲ့တောင်၊ လေဖိအားများလွန်းတဲ့ နေရာ ဒါမှမဟုတ် လေထုဖိအားရုတ်တရက်ပြောင်းလဲသွားရင်လည်း ခေါင်းကိုက်တတ်ပါတယ်။
တချို့အစားအသောက်တွေကို အများကြီးစားတာတောင်မှ ခေါင်းမကိုက်နိုင်ပေမယ့် တချို့မှာတော့ နည်းနည်းလေး စားရုံနဲ့ ခေါင်းကိုက်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာဖို့၊ ကြိုတင်ကာကွယ်ဖို့ အတွက်ဆိုရင် အစားအသောက်တွေကို ရှောင်ရုံနဲ့တင် မပြီးသေးပါဘူး။ လူနေမှုပုံစံကိုပါ အလေးထားပြီး စောင့်ကြည့်နေဖို့လိုပါတယ်။ ခေါင်းကိုက်တာနဲ့ ပတ်သတ်တဲ့ အချက်တွေကို မှတ်တမ်းလေး ထားပေးတာကတော့ အကောင်းဆုံးပါပဲ။ ဒိုင်ယာရီလေးထဲမှာ ဘယ်နေ့မှာ ဘာတွေ စားသောက်လိုက်တယ်၊ ဘယ်နေ့မှာ ခေါင်းကိုက်တာလဲ၊ ဘယ်အချိန်တွေမှာ ခေါင်းကိုက်တတ်သလဲ၊ အနံ့၊ အသံတို့ကြောင့်ရော ခေါင်းကိုက်သလား ဆိုတာကို ရေးမှတ်ထားရပါမယ်။ အကြိမ်အရေ အတွက်၊ ခံစားရတဲ့အချိန်၊ ကြာမြင့်ချိန်တို့ကို မှတ်ထားရင် ပိုပြီး အကျိုးရှိပါတယ်။ ဖြစ်စေတဲ့အကြောင်းအရာတွေကို ကြိုသိထားပြီး နောက်တစ်ကြိမ် မကြုံတွေ့ရအောင် ရှောင်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်တာကို ထိန်းချုပ်နိုင်ပါတယ်။

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started