
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၅
လွှတ်တော် အစည်းအဝေးတွင် ရုတ်ရင်းကြမ်းတမ်းသည့် အမူအရာများ မပြုလုပ်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အား ရည်ညွှန်း၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေး ပြောကြားသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ် တစ်ဦးမှ နာယကသို့ တင်ပြခဲ့သည့် အမူအရာအား ရည်ညွှန်းကာ ဦးတီခွန်မြတ်က သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစောတုန်းကလို ရုတ်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုဖို့ ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက က သတိပေး ပြောကြားခဲ့သည်။
ဆွေးနွေးတင်ပြရာတွင် စိတ်ဆန္ဒကို ဦးစားပေး ဆောင်ရွက်ပါက ချစ်ကြည်ရင်းနှီးမှု ပျက်ပြားသည့် မလိုလားအပ်သော အနေထားမျိုး ဖြစ်နိုင်သည့် အတွက် သတိပေး ပြောဆိုခြင်း ဖြစ်ကြောင်း နာယက က ဆက်လက် ပြောဆိုသည်။
“မိမိတို့လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော် ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ပြုမူ ပြောဆိုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စိတ်ဆန္ဒကိုပဲ ဦးစားပေး ဆောင်ရွက်မယ်ဆိုရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ အားလုံး ထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်” ဟု ဦးတီခွန်မြတ်က သတိပေး ပြောကြားခဲ့သည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ (ဋ) နှင့် ပတ်သက်၍ ပြင်ဆင်သည့် စကားရပ် ကျန်ရှိခဲ့သဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်အောင်စန်းချစ်မှ တင်ပြ ကန့်ကွက်ခဲ့ပြီး ပူးပေါင်းကော်မတီ အတွင်းရေးမှုး ဒေါက်တာမြတ်ညာဏစိုးမှလည်း ပြင်ဆင်ချက် တစုံတရာ မရှိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်ထဲမှ ဗိုလ်ချုပ် တစ်ဦးက အော်ဟစ် ပြောဆို တင်ပြသည့် အခြေအနေ တစ်ရပ် ဖြစ်ပွားခဲ့သည်။
